ရွှေတိဂုံစေတီတော်ပုံရိပ်ကိုနင်းပြီးဖျော်ဖြေခဲ့တယ်ဆိုတဲ့အပေါ် Project K ရဲ့ ရှင်းတမ်း

ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Asia Song Festival 2020 ဖျော်ဖြေပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေ နဲ့ ပါဝင်ခဲ့တဲ့ Project K အဖွဲ့ဟာ ဖျော်ဖြေရေးပြုလုပ်နေစဉ် ရွှေတိဂုံစေတီတော်ကြီးရဲ့ ပုံရိပ်ကိုနင်းပြီး ကပြဖျော် ဖြေသလိုမျိုးဖြစ်ခဲ့ရပါတယ်။

ဒီလိုဖြစ်ခဲ့တာကြောင့် လူမှုကွန်ရက်စာမျက်နှာမှာ ဝေဖန်မှုတွေမြင့်တက်ခဲ့ပြီး Project K အဖွဲ့ကလည်း ပရိသတ်တွေကို သူတို့ရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာကနေ ဖြေရှင်းမှှုများ ပြု လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။အဆိုပါဖျော်ဖြေပွဲကြီးကို တောင်ကိုရီးယားနိုင်ငံမှာ အောက်တိုဘာ၁၀ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး Project K အဖွဲ့ကလည်းပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ကတည်းက ကိုရီးယားနိုင်ငံမှာသွားရောက်ပြီး လေ့ကျင့်မှု တွေလုပ်နေခဲ့ရတာဖြစ်ပါတယ်။ ဒီလိုလေ့ကျင့်မှုတွေ အထပ်ထပ်ပြုလုပ်နေချိန်မှာလည်း အောက်ခြေLEDမှာ ဘာပုံရိပ်တွေထိုးမှန်း သတိမထားမိပါဘူးလို့ ပြောကြားခဲ့ပါတယ်။


“ကျွန်တော်တို့ မနေ့က Asia Song Festival 2020 ပွဲမှာ ဖျော်ဖြေတုန်းက ရွှေတိဂုံစေတီတော် ပုံရိပ်ကို အောက် LED မှာပြ‌နေတယ်ဆိုတာ ကျွန်တော်တို့ ဖျော်ဖြေပြီးမှသိခဲ့ရတာပါခင်ဗျ။မနေ့က မဖျော်ဖြေခင် Run through Rehearsal ၂ခေါက်လုပ်ရပါတယ် … အဝတ်အစား အပြည့်အစုံနဲ့ ပွဲမှာ ဖျော်ဖြေသလို အပြည့်ကပြရတာပါ ( တခြား Korea Idol တွေအပါအဝင် ပွဲဖျော်ဖြေသလို တောက်လျှောက်လုပ်သွားရတော့ နေရာချချိန်တောင် မရခဲ့ပါဘူးဗျ ) LED မှာပြမယ့် Video တွေအကုန်လုံးကလည်း ပွဲကပဲစီစဉ်တာပါ။ပထမတစ်ကြိမ် rehearsal မှာ LED မထိုးသေးပါဘူး။

ဒုတိယအကြိမ် rehearsal ဖျော်‌ဖြေရတဲ့အချိန်မှာမှ LED တွေပါလာတာပါ။အောက်မှာ LED လင်းနေမှန်းတော့သိပေမယ့် rehearsal ကနေတဲ့အချိန် ဘာပုံရိပ်မှန်းသေသေချာချာမသိခဲ့ပါဘူး။ (Rehearsal က နေ့ခင်းမှာလုပ်ရတာကတစ်‌ကြောင်း၊ Stage အရမ်းကြီးတာကတစ်ကြောင်း၊ အပေါ်စီးကရိုက် မှသာမြင်နိုင်မှာဖြစ်တာကတစ်ကြောင်းအောက် LED ကပုံရိပ်မှာ ရွှေတိဂုံ‌စေတီတော် ပုံရိပ်ပါတယ်ဆိုတာ ကျွန်တော်တို့လည်းလုံးဝသတိမထားမိခဲ့ပါဘူး။ (ကျွန်တော်တို့အားလုံးကလည်း ဗုဒ္ဓဘာသာဝင်တွေပါပဲ။ အောက်ခြေမှာအခုလိုရှိမှန်းသိရင် ကျွန်တော်တို့လည်း ထည့်ခိုင်းမှာမဟုတ်ပါဘူးဗျ ) အောက်ခြေ LED မှာ ရွှေတိဂုံ‌စေတီတော် ပုံပေါ်နေတယ်ဆိုတာကို တစ်ကယ့်ဖျော်ဖြေရေးပြီးလို့ video ပြန်ကြည့်မှသိခဲ့ရတာပါခင်ဗျ” ဆိုပြီး တောင်းပန်ခဲ့ပါတယ်။


အစမ်းလေ့ကျင့်နေချိန်မှာရော ပွဲဖျော်ဖြေနေတဲ့အချိန်မှာပါ နိုင်ငံအတွက်အကောင်းဆုံး ကြိုးစားကြမယ်ဆိုတဲ့ စိတ်နဲ့ကြိုးစားဖျော်ဖြေခဲ့ကြပြီး ပွဲပြီးလို့ ကြည့်မိတဲ့အခါမှသာ အခုလိုဖြစ်နေခဲ့တာကို သိတာပါလို့လည်းပြောကြား ထားခဲ့ပါတယ်။


“ကျွန်တော်တို့ Project K အဖွဲ့အနေနဲ့ အကောင်းဆုံး ကြိုးစားခဲ့ပေမဲ့ အခုလိုလွဲချော်မှုဖြစ်သွားခဲ့တဲ့အတွက် တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ် … အားလုံးကိုလဲ ဒီကနေ အနူးအညွန့်တောင်းပန်အပ်ပါတယ် ၊၊ အခုလဲ ပွဲက တာဝန်ရှိ လူကြီးမင်းတွေကိုပြောပြလိုက်တော့ သူတို့ဖက်ကလဲ သိသိချင်း ချက်ချင်းကို အနူးအညွတ် တောင်းပန်ခဲ့ပါတယ်” လို့ ပြန်လည်ဖြေရှင်းတောင်းပန်စကား ပြောကြားထားပါတယ်။


Asia Song Festival 2020 ဂီတဖျော်ဖြေပွဲမှာတော့ အာရှနိုင်ငံအသီးသီးမှာရှိတဲ့ ဂီတအနုပညာရှင်များက လာရောက်ဖျော်ဖြေခဲ့ကြတာဖြစ်ပြီး Project K အဖွဲ့အနေနဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုအနေနဲ့ ပထမဆုံး အကြိမ်အဖြစ် ဖျော်ဖြေခွင့်ရခဲ့တာဖြစ်ပါတယ်။ Project K အဖွဲ့ဟာ လူငယ်၇ယောက်ဖွဲ့စည်းထားတဲ့ အဖွ့ဲ တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်မှာလည်း ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Cele Guru News

  နဲ့